Tuesday, May 20, 2008

ငါတို့ ဘာကြောင့်လှူဒါန်းခဲ့ကြတာလဲ

“မုန်တိုင်းရှိတယ်” ဆိုတဲ့သတင်းကြားကြားချင်းက ကျမစိတ်ထဲမှာ သာမာန် လေကြီး မိုးကြီးကျရုံက လွဲလို့ ပြင်းပြင်းထန်ထန်ဖြစ်လိမ့်မယ်လို့ ကျမ တွေးမထားခဲ့မိပါဘူး။ “မုန်တိုင်း” ဆိုတဲ့ စကားလုံးဟာ ဒီလောက်ထိဆိုးရွား စိတ်ပျက်စရာကောင်းလောက်အောင် ပျက်စီးဆုံးရှုံးမှူတွေပေးခဲ့လိမ့်မယ်လို့လဲ ကျမ တွက်ဆမထားခဲ့မိဘူး။

အခုလို တခါမှ မကြုံဘူးတဲ့ မုန်တိုင်းပြင်းအားအောက်မှာ ကျမတို့မိသားစု နေစရာမရှိအောင် တုန်လှူပ်ခြောက်ခြားနေမိခဲ့ပါတယ်။ “ဘယ်အချိန်မှာ တိုက်များပြိုသွားတော့မလဲ” ။ ကျမရဲ့ အသိစိတ်ထဲမှာ တခုပဲဆုတောင်းမိနေတာက “ကျမတို့မိသားစု အန္တရယ်ကင်းဝေးရေး” ပင်။
ကျမတို့အိမ်ရှေ့တံခါးမကြီးက မှန်တချပ်လုံးကွဲကြေနေတာကြောင့် လေနဲ့အတူပါလာတဲ့ မိုးရေတွေက အိမ်ရှေ့ကနေတဆင့် အိပ်ခန်းတွေထဲထိအောင် ရေတွေစီးဝင်ပြီး အကုန်ခပ်ထုတ်ခဲ့ရတယ်။ မိုးတွေ မစဲလေလေ၊ ရေတွေ ၀င်လေလေနဲ့ “ကျမတို့အိမ်မှာရေလျှံနေတယ် ဆိုတာ ဒါမျိုးပဲထင်တယ်” လို့ မေမေ့ကိုတောင် နောက်ပြောင်လိုက်သေးတယ်။ အိမ်ရှေ့တိုက်တွေက တီဗွီအင်တာနာတွေ၊ စလောင်းတွေ၊ သွပ်ပြားတွေ

ကျိုးကျပျက်စီးနေတာတွေကို အထင်းသားမြင်နေရပါတယ်။ တချို့လူတွေကလဲ လေဒဏ်၊ မိုးဒဏ်မကြောက် ဒီအကျိုးအပဲ့တွေကို လိုက်လံကောက်ယူနေကြတာကို မြင်နေရတယ်။ ဘာပဲဖြစ်ဖြစ် ကျမတို့ တိုက်ခန်းတွေတောင် ဒီလောက်ဖြစ်ပျက်နေတာ၊ တိုက်ခန်းမဟုတ်တဲ့နေအိမ်တွေ ဘယ်လိုများနေမှာပါလိမ့်” လို့တွေးမိပြီး ကျမစိတ်ထဲ စိုးရိမ်ရမယ့်လူတွေ အစီအရီပေါ်လာပါတော့တယ်။

မုန်တိုင်းစဲသွားပေမဲ့ အိမ်နားမှာရှိတဲ့ စတိုးဆိုင်တွေ၊ ဈေးတွေ ဘာတခုမှ မဖွင့်သေးတဲ့အတွက် အိမ်မှာရှိတဲ့ လက်ကျန်လေးတွေပဲ စားသုံးရင်း နေ့တနေ့တာကို ဖြတ်ကျော်ခဲ့ရတယ်။ ထမင်းစားနေရင်းကနေ မြစ်တွေ၊ ချောင်းတွေနားမှာ ကပ်လျက်နေထိုင်ကြတဲ့ လက်လုပ်လက်စားတွေ ဘယ်လိုများနေမှာပါလိမ့်” လို့ ကျမတွေးမိပါတယ်။ ရေတွေ မီးတွေမရတော့ ၇ လွှာမှာနေတဲ့ ကျမတို့အတွက် ရေဆွဲသယ်ရတဲ့ ဒုက္ခကလဲ တော်တော်မလွယ်ပါဘူး။ ဒါတောင် ၅ ရက်လောက်နေတော့ အိမ်ဘေးခန်းက မီးစက်နဲ့ရေသွယ်တုန်း ကိုယ့်ကိုလဲ ကူညီပေးလို့သာအဆင်ပြေတော့တယ်။

ကိုယ့်ဒုက္ခကိုမှ ဆိုးရွားလှပြီလို့ထင်တဲ့ သွေးရူးသွေးတန်းစိတ်တွေ ပြယ်လွင့်သွားတဲ့အခါကျတော့မှ ကျမတို့ Fun Club အနေနဲ့ ဒီလို လေဘေးဒုက္ခသည်တွေကို ဘယ်လိုကူညီနိုင်မလဲ” လို့တွေးမိလာတယ်။ ဒါနဲ့ ကျမတို့ Fun Club က ကိုလူလိန်၊ ပင်ဂွင်း၊ ကြောင်နက်ကျော်၊ ကောင်းကင်ပြာ တို့နဲ့အတူ ကျမတို့လက်လှမ်းမှီရာ ဒလဘက်သို့ သွားရောက်လေ့လာကြပါတယ်။ ဒုက္ခရောက်နေကြတဲ့ လူဦးရေ ၄၀၀၀ နီးပါးကို ကယ်ဆယ်ထားတဲ့ ကမာကဆစ်ကျောင်းတိုက်နဲ့ ရတနာအေးရိပ်သာကျောင်းတိုက်ကို ရောက်တဲ့အခါမှာတော့ သနားစရာကောင်းတဲ့ မျက်ဝန်းလေးတွေနဲ့ ကျမတို့ကို ကြည့်နေတာ မြင်တွေ့လိုက်ရတယ်။ သူတို့ဘက်ကကြည့်ရင်တော့ ကျမတို့ဟာကယ်တယ်ရှင်တပါးလို ဖြစ်နေမလားပါပဲ။ ဘုန်းဘုန်းကို လျောက်တော့ တနေ့ကို ဆန် ၆ အိတ် နဲ့ ပဲ တအိတ် ကုန်တယ်” တဲ့။ ကျမတို့လက်ကျန် Fun ငွေကို စဉ်းစားရပါတော့တယ်။ လူ၊ လူချင်းစာနာစိတ်ထားလို့ ကျမတို့ ဘက်က အများကြီး လှူဒါန်းချင်ပေမဲ့ ကျမတို့လက်ကျန်ငွေနဲ့ဆို တရက်စာပဲ လှူဒါန်းနိုင်ပါတယ်။ ဒါပေမဲ့ မရှိ၊ ရှိသလောက်လှူမယ်ဆိုပြီး ဘုန်းဘုန်းကို တနင်္ဂနွေနေ့ လာလှူပါ့မယ် လို့ လျောက်တင်ခဲ့တယ်။

ရန်ကုန်ဘက်ပြန်ရောက်တော့ gtalk message နေ ဒလဘက်ကို လှူဒါန်းမယ့်အကြောင်း တင်တော့ ကျမနဲ့ ‘hi” လောက်ပဲ နှူတ်ဆက်စကားပြောဖြစ်တဲ့ ၊ သိပ်မရင်းနှီးတဲ့ ရပ်ဝေး ရပ်နီးက သူငယ်ချင်းတွေကတောင် အားတက်သရောနဲ့မေးမြန်းလှူဒါန်းလာကြတဲ့အတွက် ကျမတို့လဲ သိပ်ကို အားရကျေနပ်မိပါတယ်။ ဒီလိုနဲ့ ကျမတို့ fun club member အသီးသီးဆီကနေ တဆင့် ငွေကြေး၊ အ၀တ်အစား ၊ ဆေးဝါး စသည်တို့ကိုလည်း လက်ခံရရှိခဲ့ပါတယ်။ ဒီလိုနဲ့ ကျမတို့ ဘုန်းဘုန်းနဲ့ နောက်ထပ်တကြိမ် သွားတွေ့ပြီး လှူဒါန်းမယ့်ရက်ကို ၁၈-၀၅-၂၀၀၈ လို့ သတ်မှတ်ပြီး အဲဒီနေ့မှာပဲ ဆန် ၃၅ အိတ်၊ ပဲ ၆ အိတ်၊ အ၀တ်အစား ၇၀၀၀ ကျော်၊ ဆေးဝါး စသည်တို့ကို ကမာကဆစ်အနောက်ကျောင်းတိုက်နဲ့ ကျန်စစ်သားရပ်ကွက်ရှိ ရတနာအေးရိပ်သာကျောင်းတိုက်တို့ကို (စုစုပေါင်း ကုန်ကျငွေ ၁၀ သိန်းနီးပါး) ခွဲဝေလှူဒါန်းခဲ့ပါတယ်။ ကျမတို့ fun club အနေနဲ့ ၁၈-၀၅-၂၀၀၈ အထိ လက်ခံရရှိခဲ့တဲ့ အလှူငွေ ကျပ် (၁,၈၂၉,၂၀၀.၀၀) ဖြစ်ပါတယ်။ ဒီအလှူမှာ အစစအရာရာအဆင်ပြေအောင် ကူညီပေးခဲ့တဲ့ နယ်ခံ ကိုဖြိုးနွယ် ကိုလဲ ကျေးဇူးအထူးတင်ပါတယ်။ နောက်ထပ်လဲ ကျမတို့ လက်လှမ်းမှီသလောက် နေရာတွေအထိ သွားရောက် လှူဒါန်းဦးမှာပါ။

ကျမ အခုပြောချင်တာက “ကျမတို့ ဘာကြောင့်ဒီလိုလှူဒါန်းခဲ့ကြတာလဲ” ဆိုတာပါ။ “ဒီဒုက္ခတွေက ငါနဲ့မဆိုင်၊ ငါက သူတို့မှ မဟုတ်ပဲ” လို့ မတွေးပဲ ၊ လူသားချင်း စာနာထောက်ထားကြလို့သာလျှင် ကျမတို့ လှူဒါန်းခဲ့ကြတာပါ။ လူသားချင်းစာနာထောက်ထားတယ် ဆိုတာ အမှန်စိတ်ပါ၊ ဒီလို အမှန်စိတ်တွေထဲကနေ အမှားမရှာပဲ အလှူကို အလှူလို့ သဘောထားပြီး ကိုယ်တိုင်ငွေကြေးအားဖြင့်မပါဝင်နိုင်ခဲ့ရင်တောင် လုပ်အားအနေနဲ့ပါဝင်ခဲ့တဲ့ ကိုယ့်အလှူကို ကိုယ်တိုင်သာဓု ခေါ်နိုင်ကြပါစေ” လို့ ပြောချင်တာပါရှင်။

နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်သွားကြတဲ့ လူတွေအတွက် “ကျမတို့ထောက်ပံ့ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်ကြပါဦး” လို့လဲ ကျမနှိုးဆော်လိုပါတယ်။

No comments: